သဲကုန်း ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့ အကြိုဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသား လူငယ်များအနေဖြင့် ပုံစံမျိုးစုံနှင့် ဝင်ရောက်နေသည့် မူးယစ်ဆေးဝါးအန္တရာယ်တို့မှ ရှောင်ရှားတတ်ကြစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဥ်ကပင် နားလည် သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲသူများတွင် တွေ့ရသောအမူအကျင့်၊ အလေ့အထများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဆိုင်ရာလုပ်ငန်းအဆင့်ဆင့်ကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးထက်ပိုင်မင်း (ကိုပိုင်-သဲကုန်း)က အမှတ်ပေး စည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြာခဲ့သည်။
ဆက်လက၍ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ(၁၄)ဦးက စာစီစာကုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများမှ အမှတ်တရဆုလက်ဆောင်များအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူ များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
ကိုကျော် (သဲကုန်း)