ကျွန်းစု ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်(၁)နှစ် အတွက် ဆိုင်ကယ်ဘီးခွန် ဆောင်ထားခြင်း ရှိ/ မရှိကို ယနေ့ နံနက်(၉)နာရီအချိန်က ဗိုလ်ချုပ်လမ်းမကြီးနှင့် အောင်သပြေလမ်းဆုံ၊ မြို့နယ်စည်ပင်ရုံးအရှေ့တွင် စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိစစ်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်မိုးမိုးနွယ်နှင့် ကော်မတီဝင်တို့က မြို့အတွင်းရှိ ဖြတ်သန်း သွားလာနေသော ဆိုင်ကယ်များအား ဆိုင်ကယ်ဘီးခွန် ဆောင်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဘီးခွန်ဆောင် ထားခြင်းမရှိသော ယာဉ်များအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်(၁)နှစ်အတွက် ဆိုင်ကယ် ဘီးခွန်(၃၀၀၀)ကျပ်နှင့် စီမံခန့်ခွဲရေးဒဏ်ကြေး(၅)ထောင်ကျပ်တို့အား အသီးသီး ဆောင်စေခဲ့သည်။ ကျွန်းစုမြို့နယ်အတွင်းရှိ မော်တော်ဆိုင်ကယ်များ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်(၁)နှစ်အတွက် ဆိုင်ကယ်ဘီးခွန်များအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးနှင့် ကျေးရွာများသို့ ဒီဇင်ဘာလတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီဖြစ်၍ ဘီးခွန်ဆောင်ထားခြင်းမရှိသော မော်တော်ဆိုင်ကယ်များအားစိစစ်၍ ဒဏ်ကြေး ပေးဆောင် စေခြင်းဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)