ရွှေကျင် ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပွဲကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ အစည်းအဝေးခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးထွန်းမင်းလတ်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုအောင်က မူးယစ်ဆေးဝါး၏ဆိုးကျိုးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးလိပ်/ကွမ်းယာ/အရက် သောက်သုံးခြင်းများ၏ အန္တရာယ်ခေါင်းစဉ်များဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရေးအတွက် မူးယစ်ဆေးဝါးနှင့်ပတ်သတ်သည့် သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)