သရက်မြို့၌ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်

သရက် ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ခရိုင်ကြက်ခြေနီအဖွဲ့၊ သုခရတနာပရဟိတအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခွဲ(စိန်မေရီ)၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုက အဖွင့်အမှာစကားပြောကြားရာမှာ သဘာဝဘေးအန္တရာယ်များအနက် ငလျင်ဘေးအန္တရာယ်သည်လည်း ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ဘေးအန္တရာယ်အမျိုးအစား တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ငလျင်လှုပ်ခတ်မှုများသော ဒေသများအနက်တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့စသည့် ပြတ်ရွေ့များတည်ရှိရာကြောင့် အင်အားပြင်းထန်သည့် ငလျင်များသည်အချိန်မရွေး၊ နေရာမရွေးဖြစ်ပေါ်နိုင်ကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြထွေးက ငလျင်ဘေးဖြစ်ပွားချိန်တွင် ဆောင်ရန်၊ရှောင်ရန်အချက်များအားပြောကြားပေးခဲ့ပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများက(ဝပ်၊ကာ၊ကိုင်)လက်တွေ့သရုပ်ပြခြင်းများကို ကျောင်းသား၊ကျောင်းသူများနှင့်အတူ ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ငလျင်ဘေး ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်များကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ဘော်လီဘောကွင်း၌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                                  

ဇော်ထက်(သရက်)