လှိုင်းဘွဲမြို့နယ်တွင် ပဉ္စမအကြိမ် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေး

လှိုင်းဘွဲ ဇန်နဝါရီ - ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၄၅၀)ကို ယမန်​နေ့က ရေပူကြီးကျေးရွာအုပ်စုရေပူကြီးကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရေပူကြီးကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊  အရောင်းဝယ်လုပ်ငန်း၊ အသက်မွေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်အတွက် မြစိမ်းရောင်စီမံကိန်း အသင်းဝင် ၆၄ ဦး အား အတိုးငွေ(၁)ကျပ်နှုန်းဖြင့် ချေးငွေကျပ် ၄၅၀ သိန်း ထုတ်ချေးပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူးဦးဌေးလင်းနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းကြီးကြပ်ပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ရန်ပုံငွေထုတ်ချေးပေးခြင်းဖြင့်‌ ကျေးရွာလူထုများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ တိုးပွားလာခြင်း၊ ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ခြင်း၊ မြစိမ်းရောင်စီမံကိန်းမှ တိုးပွားလာသော ရန်ပုံငွေဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျေးရွာလူထု ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းစသည့်အကျိုးကျေးဇူး များရရှိစေမည်ဖြစ်ပြီး ကျေးရွာလူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သောဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်များဖြင့် မြစိမ်းရောင်စီမံကိန်းကို အကောင်အထည်ဖော်‌ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)