မြန်အောင် ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ ပြည်သူလူထုပူးပေါင်းပါဝင်သော ၂၀၂၆ ခုနှစ် ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်က မြန်အောင် ရေနံမြေဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။
ဦးစွာမြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေကသဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့်ကောင်းမွန်သော ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်၊ မြို့ပြသစ်တောများတည်ထောင်နိုင်ရေးနှင့်စိမ်းလန်းမြေ(GreenSpace)များတိုးပွားလာစေရန်အတွက် ပြည်သူလူထုပူးပေါင်းပါဝင်သော စံနမူနာပြုသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအတွက်ပျိုးပင်များကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများအား မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝေလင်း၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်လှိုင်နှင့်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ရှိသူများက ပျိုးပင်များ ဖြန့်ဝေပေးအပ်ခဲ့ကြသည်။
၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးကို မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်နှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူ (၂၄၄) ဦး စုပေါင်း၍ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ကံ့ကော် အပါအဝင် သစ်မျိုး (၁၁) မျိုး၊ အပင်အရေအတွက် (၁၈၀၀) ပင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်