ဘိုကလေး ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကြက်ခြေနီတပ်ဖွဲ့ရုံးသို့ ယမန်နေ့နံနက် (၁၁) နာရီအချိန်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပိုင်းအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးချုပ် ဦးကျော်မိုးကြည်၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါ်သင်းသင်းအောင်နှင့်အဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး ဘိုကလေးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ထောက်ပံ့နိုင်ရေး ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ရုံသို့ စစ်ဆေး၍ လိုအပ်သည်များ ဖြည့်တင်းပေးနိုင်ရေး စိစစ်မှုများ ဆောင်ရွက်ကြသည်။
အဆိုပါ တာဝန်ရှိသူများနှင့်တွေ့ဆုံရာသို့ ဖျာပုံခရိုင်၊ ကြက်ခြေနီတပ်ဖွဲ့ ဒုတိယခရိုင် တပ်ဖွဲ့မှူး ဦးသက်နိုင်၊ ဘိုကလေးမြို့နယ် ကြက်ခြေနီအသင်းခွဲနာယက ဦးလှသန်းဦးနှင့် အသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ကြပြီး တာဝန်ရှိသူများအား လိုအပ်နေသော ကူညီကယ်ဆယ်ရေး ပစ္စည်းများအား အဆိုပြုတင်ပြခဲ့ကြောင်း၊ တာဝန်ရှိသူများကလည်း သဘာဝဘေးဖြစ်ပွားပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရေး လမ်းညွှန်ချက်များမှာကြားခဲ့ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့ရေးဆိုင်ရာပစ္စည်းများ ဖြည့်တင်းပေးနိုင်ရေး လက်ကျန်ရှိနေသော ကုန်သိုလှောင်မှု အခြေအနေများအား စိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်