ထားဝယ်မြို့၌ အားကစားရေးရာ အသိပညာပေးဟောပြောပွဲ

ထားဝယ်     ဇွန်  ၁၈

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းတို့ပူးပေါင်း၍ အားကစားအသိပညာပေးဟောပြောပွဲကို ယ​မန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စပယ်သွင်က ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသကဲ့သို့ နောင်တွင် နယ်ပယ်အသီးသီး၌ ဦးစီးဦးဆောင်ပြုရမည့်သူများဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကိုတန်ဖိုးရှိသော လူသားအရင်းအနှီးများအဖြစ် မျှော်မှန်းပြီး ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ လူငယ်များကိုယ်တိုင်ကလည်း မိမိကိုယ်မိမိတန်ဖိုးရှိသော လူသားများဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ် ကြရန်လိုအပ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် အားကစားကို လေ့လာလိုက်စားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက Fitness  Dance သရုပ်ပြပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံယူခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)