မြိတ် ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင် စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန်(၁၈)ရက် နံနက်ပိုင်းက နောက်လယ်ရပ်ကွက်ရှိ အ.ထ.က(၅)ကျောင်းတွင် ကျင်းပသည်။
ဟောပြောရာတွင် မြိတ်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများအား အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းက မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောပို့ချပြီး တက်ရောက်လာသူများအား သစ်ပင်စိုက်ပျိုး ပြုစုခြင်း လက် ကမ်း စာစောင်များဖြန့်ဝေပေးပြီး ကျောင်းဝင်းအတွင်း ထိုင်ဝမ်ဗန်ဒါနှင့် မန်ဂျန်ရှားပျိုးပင်များအား သရုပ်ပြစိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )