တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

ဘားအံ ဇွန် ၁၈

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံးအဆောက်အဦ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်ဒုတိယသမ္မတ(၂)ရာထူးတာဝန်ကိုထမ်းဆောင်နေသော ကရင်ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁)ဒေါ်နန်းနီနီအေး ဘားအံလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)အစား ဦးအောင်မြင့်သိန်း ဘားအံလွှတ် တော်ကိုယ်စားလှယ်အမှတ်(၂)အား အစားထိုးတာဝန်ပေးအပ်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကိုက အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ ၂၃ ဦးအနက် ပျက်ကွက်သူမရှိ ရာနှုန်းပြည့်တက်ရောက်ကြသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်း ကြေညာပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ကြယ်ပွင့်ပြမေးခွန်း(၃)ခုအားမေးမြန်းရာ သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့ အစည်းဝင်များက ပြန်လည်ဖြေကြားသည်။

ယင်းနောက် ဦးအေးမင်းထွေး မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)က ပြည်နယ်အတွင်း EV Charging Station များ လုံလောက်စွာထားရှိနိုင်ရေးတိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ပြီး ယင်းအဆိုနှင့်စပ်လျဉ်း၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဇော်ဝင်းဌေးက ထောက်ခံဆွေးနွေးခဲ့ရာ ယင်းအဆိုကို ပြည်နယ်လွှတ်တော်တွင် လက်ခံဆွေးနွေးရန်သင့်၊မသင့် သဘောတူညီချက်ရယူရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီကြသည့်အတွက် ဆွေးနွေးလိုသည့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ကရင်ပြည်နယ်ယစ်မျိုးခွန်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြည်နယ်လွှတ်တော်သို့တင်သွင်းရာ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်နယ်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်တစ်ဦးက ဖတ်ကြားတင်ပြပြီး ယင်းဥပဒေကြမ်းကို ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ယင်းနောက် ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်ရေးကော်မတီတွင် ကော်မတီဝင်(၅)ဦး ထပ်မံဖြည့်စွက် တာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့တင်ပြခဲ့ပြီး ကန့်ကွက်လိုသည့်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာကာ အစည်းအဝေးပထမနေ့ကို ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)