ကျွန်းစု ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရာ၌ တာဝန်ယူဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့များအား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးသင်တန်းကို ဇွန် ၁၈ ရက် နံနက် ၁၀ နာရီက မြို့နယ်ကျွန်းရတနာခန်းမ၌ ဖွင့်လှစ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှု၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း လုပ်ငန်းစဉ်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့ ပြည့်စုံရမည့် အရည်အချင်းများ၊ ကြီးကြပ်ရေးအဖွဲ့ လုပ်ဆောင်ရမည့် အချက်များနှင့် လုပ်ငန်းတာဝန်များ၊ ဆယ်အိမ်စု၊ ရာအိမ်စု ဖွဲ့စည်းခြင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံ ရွေးချယ်ခြင်းလုပ်ငန်းစဉ်များ၊ လိုက်နာရန်စည်းကမ်းချက်များနှင့် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းလုပ်ငန်းစဉ်များကို သင်ကြားပို့ချခဲ့ပြီး တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာ ကြီးကြပ်ရေးအဖွဲ့များမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။
ကျွန်းစုမြို့နယ်တွင် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စုမှ ကြီးကြပ်ရေးအဖွဲ့ဝင် ၁၃၅ ဦးရှိရာ ယနေ့တွင် ရပ်ကွက် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅ အုပ်စုတို့အား သင်ကြားပို့ချပေးခဲ့ပြီး လယ်တောပိုင်း၊ ပင်လယ်ပိုင်း ကျေးရွာအုပ်စုတို့အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ အသိပညာပေး သင်တန်းများကို ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)