ပလောက် ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ခုနှစ်၊ မတ်လ(၃၁) ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များကို ဧပြီလ(၁)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အုပ်ချုပ်ရေးမှူး ရွေးချယ်တာဝန်ပေးနိုင်ရန် ပုလောမြို့နယ် ဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်(၁၀)နာရီက အသိပညာပေးဆွေးနွေးခြင်းကို ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး၊ ရွှေသီလာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲတွင် ပုလောမြို့နယ် ဌာနဆိုင်ရာပူးပေါင်းရေးအဖွဲ့မှ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေက ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ နည်းဥပဒေများနှင့်အညီ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများနှင့်ကျေးရွာတာဝန်ခံများရွေးချယ်နိုင်ရန်အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး မှူးဆိုင်ရာ နည်းဥပဒေများကိုရှင်းလင်းပေးခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲ တက်ရောက်လာကြသူများက မိမိသိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေနှင့်တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ပလောက်(ပြန်/ဆက်)