ဟားခါး ဇွန် ၁၈
တွန်းဇံမြို့ကို တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများမှာ ဇွန်လ ၁၇ ရက်နေ့တွင် ခေတ္တတိမ်းရှောင်သည့် ကလေးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ကြပြီး ဇွန်လ ၁၈ ရက်နေ့တွင် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တီးတိန်မြို့မှ လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်သည်။
အဆိုပါ ပြန်လည်တာဝန်ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်း ( ၂၂၁ ) ဦးနှင့် ပြည်သူ ( ၅၀ ) ဦး၊ စုစုပေါင်း ( ၂၇၁ ) ဦးမှာ မော်တော်ယာဉ် ( ၉ ) စီး ၊ ဆိုင်ကယ် ( ၁၂၅ ) စီးဖြင့် ဇွန်လ ၁၈ ရက် နံနက်ပိုင်း တွင် တွန်းဇံမြို့သို့ထွက်ခွာသွားခဲ့ကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီမှ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် စားသုံးဆီ (၁၇၆၀ ) ပိဿာ ၊ ဆန် (၂၀၀) အိတ်၊ ဘိလပ်မြေ ( ၇၅ ) အိတ် ၊ သွပ် (၁၃၉၅ ) ချပ် ၊ သွပ်ရိုက်သံ ( ၃ )ဖာတို့အား ယာဉ်တန်းဖြင့် တစ်ပါတည်းသယ်ယူသွားသည်။
အလားတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် စားသုံးဆီ ( ၃၇၁၀ ) ပိဿာ ၊ ဆန် (၆၀၀) အိတ် ၊ ဘိလပ်မြေ (၃၇၀) အိတ်၊ သွပ် (၄၈၉၆) ချပ်၊ သွပ်ရိုက်သံ (၁၆) ဖာ၊ သစ်ခွဲသား (၁၃) တန်အားလည်းကောင်း၊ တီးတိန်မြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် စားသုံးဆီ ( ၆၉၀ ) ပိဿာ ၊ ဆန် (၂၀၀) အိတ် ၊ ဘိလပ်မြေ ( ၇၅ ) အိတ် ၊ သွပ် ( ၄၆၅ ) ချပ်၊ သွပ်ရိုက်သံ ( ၁ ) ဖာအားလည်းကောင်း သက်ဆိုင်ရာမြို့များသို့ တစ်ပြိုင်တည်း ဖြန့်ခွဲပေးပို့ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)