ဟင်္သာတ ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ပြည်ထောင်စုခန်းမတွင် ကျင်းပပါသည်။
လူငယ်စကားဝိုင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ဌေးက အဖွင့်အမှာစကားပြောကြားပြီး ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးမာက စီစဥ်ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ကာ စကားဝိုင်းကို စတင်ကျင်းပရာ မခြူးမီမီဇော်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ မဝတ်ရည်ဖြိုးက လူငယ်နှင့်စာဖတ်ခြင်း၊ မောင်သစ်ထူးဇံက လူငယ်နှင့်အားကစား၊ မောင်ချမ်းငြိမ်းကျော်က လူငယ်နှင့်နည်းပညာ၊ မယွန်းပြည့်ပြည့်အောင်က လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား ကျောင်းသူများမှ သိရှိလိုသည်ကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။
လူငယ်စကားဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်ပြပွဲတွင် လူငယ်များအတွက် သုတရတနာ၊ လူထုသိပ္ပံကျမ်းစာအုပ်များနှင့် သုတရသစာအုပ်များ ပြသခြင်းနှင့်အတူ အသိပညာပေး နံရံကပ်စာစောင်များကိုလည်း ပြသထားရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ယနေ့ ကျင်းပသည့် လူငယ်စကားဝိုင်းကို ကျောင်းသားလူငယ်များ၊ ကျောင်းစာသာမက အခြားအသိပညာဗဟုသုတစာပေများကို လက်လှမ်းတမီ ဖတ်ရှုလေ့လာခွင့်ရရှိပြီး ဗလငါးတန်နှင့် ပြည့်စုံသော ထူးချွန်ထက်မြက်သည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန်၊ ကျောင်းသားလူငယ်များ အချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိစေရန်နှင့် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အထများ ပေါ်ထွန်းလာစေရန်၊ လူငယ်များကြားတွင် အချင်းချင်း ဆွေးနွေးညှိနှိုင်းတိုင်ပင်တတ်သည့် အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)