ဆိပ်ဖြူမြို့နယ်တွင် ကျေးရွာထင်းစိုက်ခင်းဧက (၅၀) ဒေသခံပြည်သူများသို့ လွှဲပြောင်းပေးအပ်

ဆိပ်ဖြူ ဇန်နဝါရီ    ၂၁

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ မြို့နယ်သစ်တောဦးစီးဌာနက ကျေးလက်နေပြည်သူများ အခြေခံ လောင်စာလိုအပ်မှု ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် စိုက်ပျိုးထိန်းသိမ်းထားရှိသည့် ကျေးရွာထင်း စိုက်ခင်းဧက (၅၀) ကို ဒေသခံပြည်သူများသို့ ယမန်နေ့ ညနေ ၃ နာရီက ချောင်းမကြီးကျေးရွာနှင့် တူရွှင်းမျောကျေးရွာ ထင်းစိုက်ခင်းများ လွှဲပြောင်းပေးအပ်ခဲ့သည်။

မြို့နယ်သစ်တောဦးစီးဌာန အနေဖြင့် ကျေးရွာထင်းစိုက်ခင်းများကို ဒေသခံပြည်သူလူထု၏ အခြေခံ စာဝတ်နေရေး ချက်ပြုတ် ရာတွင် လောင်စာထင်းလိုအပ်မှု ဖြည့်ဆည်းနိုင်ရန်၊ ထင်းစိုက်ခင်းမှ လောင်စာထင်းကို စနစ်တကျထုတ်ယူသုံးစွဲနိုင်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျှော့ ချနိုင်စေရန်၊ ဒေသခံပြည်သူများအနေဖြင့် သစ်တောသစ်ပင်ကိုချစ်မြတ်နိုး သဘာဝပတ်ဝန်း ကျင် ရေမြေ ဂေဟ စနစ်များကို ထိန်းသိမ်းမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ကျေးရွာ ထင်းစိုက်ခင်းများ ထူထောင်ပေးနေခြင်းဖြစ်ကြောင်း၊ ယခုလွှဲပြောင်းပေးလိုက်သည့် ထင်းစိုက်ခင်းများမှာ တူရွှင်းမျှောကျေးရွာ ၂/ ၂၀၂၀ ကျေးရွာထင်း စိုက်ခင်းဧက(၂၀) နှင့် ချောင်းမကြီးကျေးရွာ ၃/၂၀၂၀ ကျေးရွာထင်းစိုက်ခင်းဧက(၃၀) စုစုပေါင်း ကျေးရွာထင်း စိုက်ခင်းဧက (၅၀)တွင် ယူကလစ်နှင့် မြန်မာရှားအပင်ရေ (၆၀၅၀၀)ပင် စိုက်ပျိုးထိန်းသိမ်းကာ ဒေသခံပြည်သူများသို့ လွှဲပြောင်း ပေးအပ်ခြင်း ဖြစ်‌ကြောင်း၊ ထင်းထုတ်ယူခွင့်ကို စိုက်ပျိုးပြီး သက်တမ်း (၅) နှစ်ပြည့်ပြီးမှသာ မြို့နယ်သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထင်း၊ တိုင်နှင့် မျောများ ထုတ်ယူအသုံးပြုနိုင် မှာဖြစ်ပြီး လက်ရှိထင်းစိုက်ခင်းမှ စိုက်ပျိုးသစ်ပင်များ ထင်းစိုက်ခင်း အသုံးပြုသူများအဖွဲ့က စားကျက်ချခြင်း၊ တောမီးရှို့ခြင်း ၊တရားမဝင်ခိုးယူခုတ်ခြင်းတို့မှ ကာကွယ်နိုင်ရန် ကြီးကြပ်ဆောင်ရွက် သွားရမှာဖြစ်ပြီး မြို့နယ်သစ်တောဦးစီးဌာနက သစ်ပင် ထိန်းသိမ်းခြင်းနှင့် အစားထိုးစိုက်ပျိုးခြင်းများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မြို့နယ် သစ်တောဦးစီးမှူး ဦးထက်လင်းက ဒေသံပြည်သူများအား ရှင်းလင်းပြောကြားသည်။     

ထို့နောက်ကျေးရွာ ထင်းစိုက်ခင်းနှင့် စာရွက်စာတမ်းများကို ချောင်းမကြီးကျေးရွာနှင့် တူရွှင်းမျောကျေးရွာ ထင်းစိုက်ခင်း အသုံးပြုသူများအဖွဲ့ထံ မြို့နယ်သစ်တောဦးစီးမှူးက လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကိုဇွဲ (အညာမြေ)