လွိုင်ကော် ဇွန် ၁၈
မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအဖြစ် ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနက ကျင်းပပြုလုပ်သော “အသိပညာပေးဟောပြောပွဲ” ကို ယမန်နေ့နံနက်က ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဘောက်နန်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နည်းပြဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ နာယက၊ ဒေါ်ဘောက်နန်က အဖွင့်အမှာစကား ပြောြကားရာတွင် မြန်မာအမျိုးသမီးများသည် ခေတ်အဆက်ဆက်ကပင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များနှင့် အသိပညာအတတ်ပညာ အနုပညာများဆိုင်ရာနယ်ပယ်များတွင် ပါဝင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုမျက်မှောက်ကာလတွင်လည်း နယ်ပယ်အလိုက် ထူးချွန်ထက်မြက်သည့် မြန်မာအမျိုးသမီးများစွာ ပေါ်ထွန်းလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား၊ မတန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးရေးလုပ်ငန်းစဉ်များ၊ နိုင်ငံတကာလုပ်ငန်းအစီအစဉ်များကို မူဝါဒနှင့်အညီ အကောင်အထည်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိသလို မြန်မာအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း ကဏ္ဍအသီးသီးက အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
ထို့နောက် ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာသင်းသင်းထွေးက အသိပညာပေးအစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြန်မာအမျိုးသမီးများ ဥပဒေပြဋ္ဌာန်းချက်ပါ အခွင့်အရေးများအကြောင်း သိကောင်းစရာများကို ပြည်နယ်ဥပဒေအရာရှိ ကလည်းကောင်း၊ NSPAW၊ Gender၊ CEDAW နှင့် UNSCR 1325 အကြောင်း သိကောင်းစရာများကို လူမှုဝန်ထမ်းဦးစီးဌာနကလည်းကောင်း အသီးသီး အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြန်မာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှုအဖြစ် ကယားပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဘောက်နန်နှင့်အဖွဲ့ဝင်များသည် မဟာဓမ္မဝိဟာရီသီလရှင် ပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ စာသင်တိုက်ရှိ သီလရှင်ဆရာကြီး၊ ဆရာလေးများအား သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဩဝါဒခံယူကြသည်။ ထို့နောက် ကျောင်းတိုက်ရှိ စာသင်သားသီလရှင်ဆရာလေးများအတွက် ဆန်ဆီနှင့်စားသောက်ကုန်များ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)