လွိုင်ကော် ဇွန် ၁၈
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်က ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးသို့ သွားရောက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနများ၏ လုပ်ငန်းအစီအမံများ ရှင်းလင်းခြင်း အစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မျိုး၊ မြေ၊ ရေ၊ နည်းတို့နှင့် ပတ်သက်၍ စီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပျားလုပ်ငန်း ဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ပြည်နယ်ဝန်ကြီးချုပ်က ဌာနများအနေနှင့် မိမိတို့ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို အလေးထား လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အနေနှင့် အဓိကသီးနှံ(၁၄)မျိုး ပန်းတိုင် အထွက်နှုန်း ရရှိစေရန် ဉီးစားပေးဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ဌာနအသီးသီး၏ စီမံကိန်း ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက် ကြရမည်ဖြစ်ပြီး ပြည်နယ်အစိုးရ အနေနှင့်လည်း လုပ်ငန်းများ အောင်မြင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိစ္စများ၊ အခက်အခဲများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရုံးဝန်းအတွင်းရှိ အကြမ်းဖက် သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရုံးနေရာများကို ကြည့်ရှုစစ်ဆေးပြီး စာရင်းမှ ပယ်ဖျက်နိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ကော်ဖီပျိုးခြံသို့ သွားရောက်၍ မြေနိမ့်ကော်ဖီမျိုးဖြစ်သည့် ရိုဘတ်စတာ ကော်ဖီပျိုးပင်များ ဧက (၃၀) စာအတွက် ပျိုးပင် ၉၆၀၀ ကျော် ပျိုးထောင်ထားရှိမှုကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပျိုးပင်များကို စိုက်ပျိုးတောင်သူများထံ ထိထိရောက်ရောက် ဖြန့်ဝေနိုင်ရေးနှင့် အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် /ပြန်ဆက်