မုံရွာ ဇန်နဝါရီ ၂၁
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်စဉ်နွေရာသီ၌ သောက်သုံးရေ ရှားပါးမှုနှင့်ကြုံတွေ့နေရသည့် ကျေးရွာ(၇)ရွာအား အမြဲတမ်းသောက်သုံးရေ ရရှိရေးအတွက် နည်းလမ်း(၄)မျိုးဖြင့် လုပ်ဆောင်ပေး သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အိခင်ညို ၏ ပြောကြား ချက်အရ သိရသည်။
သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရသည့် ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် စိမ့်စမ်းရေ သွယ်ခြင်းလုပ်ငန်းကို ခန့်မှန်းကုန်ကျငွေ(၁၈၀.၃၀)သန်းဖြင့် လည်းကောင်း၊ အင်းတော် မြို့နယ်အတွင်းရှိ ဆိတ်သား/ကျွဲကူးကျေးရွာ၊ ပင်ဝယ်ကျေးရွာနှင့် နတ်မဟုတ်ကြီး ကျေးရွာတို့တွင် တွင်းနက် (၃)တွင်းတူးဖော်ခြင်း လုပ်ငန်းအား ခန့်မှန်းကုန်ကျငွေ (၅၅.၉၅) သန်းဖြင့် လည်းကောင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆည်လေးတော ကျေးရွာတွင် မြစ်ရေတင် စနစ်ဖြင့် သောက်သုံးရေရရှိရေး လုပ်ငန်းအားခန့်မှန်းကုန်ကျငွေ (၂၄၉.၁၀)သန်းဖြင့် လည်းကောင်း၊ ထန်းတောကျေးရွာတွင် မြေသားကန်ပြုပြင်တူးဖော်ခြင်းအား ခန့်မှန်းကုန် ကျငွေ (၂.၁၀) သန်း ဖြင့်လည်းကောင်း၊ ရွာသာယာကျေးရွာတွင် မြစ်ရေတင် စနစ်ဖြင့် သောက်သုံးရေရရှိရေး လုပ်ငန်းကိုခန့်မှန်း ကုန်ကျငွေ(၂.၉၇၉)သန်းဖြင့်လည်းကောင်း ယခုဘဏ္ဍာရေးနှစ်တွင် လုပ်ဆောင် ပေးသွားမည်ဖြစ်သည်။
“တိုင်းဒေသကြီးအတွင်းမှာတော့ နှစ်စဉ်ရေရှားပါးမှုကို အတော့ကိုခံရတဲ့ ကျေးရွာ(၇) ရွာကိုလုပ်ဆောင် ပေးတာဖြစ်တယ်၊ ကျန်တဲ့ကျေးရွာတွေကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် စီစဉ်ပေးသွားမှာဖြစ်ပါတယ်၊ လုပ်ငန်း တွေကိုတော့ တင်ဒါစနစ်နဲ့ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အိခင်ညိုက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုနှစ်နွေရာသီ၌ သောက်သုံးရေရှားပါးနိုင်ခြေရှိသော ကျေးရွာ (၇) ရွာအား စိမ့်စမ်းရေသွယ်ခြင်း၊ တွင်းနက်များတူးဖေါ်ပေးခြင်း၊ မြေသားရေကန်များ ပြန်လည် တူးဖော်ပေးခြင်းနှင့် မြစ်ရေတင်လုပ်ငန်းတို့ဖြင့်ဖော်ဆောင်ပြီး အမြဲတမ်းရေရရှိရေးကို လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းဦး (ဇေယျာတိုင်း)