အောင်လံ ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ဇူလိုင်လ (၃) ရက်နေ့၌ ကျရောက်မည့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန်းတင့်က အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည် ကဏ္ဍစုံတွင် မြှင့်တင်နိုင်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရေးတို့အတွက် ယခုကဲ့သို့ အထိမ်းအမှတ်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် တန်ဖိုးကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအဖွဲ့ဝင်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် အသိပညာပေးစာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)