ချောက် ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင်မွေးစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ဆက်လက်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် (၁၅) ရပ်ကွက်ရှိ မွေးစမှ အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များကို အသက်အရွယ် အပိုင်း အခြားအလိုက် ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေး ရောင်ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သော ရိုတ(Rota) ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ မွေးစမှ တစ်နှစ်ခွဲအောက် ကလေးငယ် (၁၄၇) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၄၇) ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)