နတ်မောက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်နေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက် ဇွန် ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာခင် (ဦးစီးအရာရှိ)က ကျောင်းသား၊ ကျောင်းသူများအား (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ကြောင်းသိရှိစေရန်၊ ကျောင်းစာအပြင်ပြင်ပ ဗဟုသုတပါရရှိ၍ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားလာစေရန် စာပေကို ချစ်မြတ်နိုးစေရန်၊ လူအများနှင့် ပြောဆိုရာတွင်ပြောရဲသည့် အလေ့အကျင့်များရှိစေရန် ရည်ရွယ်၍ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်းပြီး ဒိုင်အဖွဲ့ဝင်တစ်ဦးကပြိုင်ပွဲ၏ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကို ကျင်းပခဲ့ရာ မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ မူလတန်းအဆင့် ကျောင်းသား/သူလေးများက “အရက်သမားနှင့် လိုတိုင်းရအိုး၊ နှုတ်မစောင့်ကပျက်စီးရ၊ အလည်းအနလည်းန၊ မမေ့နိုင်သောစာအုပ်တစ်အုပ်” စသည့်ပုံပြင်များဖြင့် အသီးသီး ဝင်ရောက်ယှဥ်ပြိုင်သည်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများအား ဇွန်လ ၁၉ ရက်နေ့၌ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း