ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ခန့်ထားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကန့်ဘလူ ဇွန် ၁၈

အုပ်ချုပ်ရေးကဏ္ဍ၏ အခြေခံအုတ်မြစ်ဖြစ်သည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျရွေးချယ်ခန့်ထားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇွန် ၁၆ ရက်နံနက်က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စနစ်တကျရွေးချယ်ခန့်ထားနိုင်ရေး မြို့နယ်ကြီးကြပ်မှု ကော်မတီများ၊ ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ အဆိုပါကော်မတီများအနေဖြင့် မိမိတို့ တာဝန်ကျရာ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဆောင်ရွက်ခြင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ရွေးချယ်ခြင်းနှင့်အုပ်ချုပ်ရေးမှူး ရွေးချယ်ဆောင်ရွက်ခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများနှင့်အုပ်ချုပ်ရေးမှူး(လက်ရှိ)များက လုပ်ငန်းစဥ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြီးကြပ်မှုကော်မတီ၊ ဆပ်ကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူး(လက်ရှိ)များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)