မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

မကွေး ဇွန် ၁

၂၀၂၆ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့၊ တိုင်းပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းပြည်သူ့ဆေးရုံကြီး သွေးလှူဌာန၌ ကျင်းပပြုလုပ်သည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ အမျိုးသမီးဝန်ထမ်း စုစုပေါင်းအင်အား (၂၀) ဦးခန့်က တက်ကြွစွာပါဝင်ဆင်နွှဲခဲ့ကြပြီး အလှူရှင်တစ်ဦး ချင်းစီအလိုက်  စစ်ဆေးမှုများခံယူကာ သွေးလှူဒါန်းသည်။

သွေးလှူဒါန်းပွဲသို့ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်အိအိထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ဇနီးများ၊ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကလာရောက်ကြည့်ရှုအားပေးကြ ပြီးသွေးအလှူရှင်များအတွက် အာဟာရ ဖြည့်စွက်စာများ ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များသည် မကွေးတိုင်း ပြည်သူ့ဆေးရုံအုပ်ကြီးထံသို့ သွေးအိတ်များ လှူဒါန်းပေးအပ်ခဲ့ရာ ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် လှူဒါန်းရရှိသော သွေးအလှူအစုစုကို တိုင်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသနေသော လူနာများအတွက် အခမဲ့ပြန်လည်သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)