ဒိုက်ဦး ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြသခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ကောလိယချောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းဆောင်ရွက်ရာ၌ ဒိုက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးချမ်းမြေ့ထွန်းနှင့် တပ်ဖွဲ့ဝင်များက ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ရေကြီးနစ်မြုပ်မှုကြောင့် ပိတ်မိနေသောသူများကို အသက်ကယ်ကြိုးများ အသုံးပြု၍ ဘေးလွတ်ရာသို့ ကယ်ဆယ်ရွေ့ထုတ်နည်းစနစ်များနှင့် ရေဘေးအန္တရာယ်ကြုံတွေ့လာရပါက ကူညီဆောင်ရွက်ရမည့်နည်းလမ်းများကို လက်တွေ့သရုပ်ပြသ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မစခန်းမှူး ဦးကျော်စွာလတ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးချမ်းမြေ့ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မမြို့ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုးထက်ကျော် (ပြန်/ဆက်)