နတ်တလင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

နတ်တလင်း ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ သွားလာရေးသိရှိနိုင်စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ကံသာကျေးရွာအုပ်စု၊ ကံသာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် နတ်တလင် ယာဉ်ထိန်း ရဲတပ်ဖွဲ့စိတ်မှ ရဲအုပ် တက်ဌေးမှ ကျေးရွာနေ ပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် ပတ်သက်၍ မော်တော် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန်၊ မော်တော်ကား မောင်းနှင်သူများ၊ စီးနင်းသူများ ခါးပတ်ပတ်ရန်၊ ယာဉ်မောင်းသူတိုင်း ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားရန် လိုအပ် ပါကြောင်း၊ ယာဉ်မောင်းသူများ လိုက်နာရမည့်ယာဉ်စည်းကမ်းများ၊ လမ်းဖြတ်ကူးသွားလာ နေသည့် ပြည်သူအများ လိုက်ရမည့် လမ်းစည်းကမ်းများ၊ ယာဉ်တိုက်မှု ဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းများ၊ မြို့တွင်းလမ်းမများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ဖောက်ဖျက်ပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းတို့ကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)