မင်းလှမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

အထက်မင်းလှ ဇွန် ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မင်းလှမြို့၊ အမှတ် (၄) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက ကျောင်းသား/ ကျောင်းသူများအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောသစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ လူတို့အသက်ရှင်ရပ်တည်နိုင်ရန်အတွက် သစ်တောသစ်ပင်သည် အရေးကြီးဆုံးဖြစ်ကြောင်း၊ သစ်ပင်များကို အလွန်အကျွံခုတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ အမှိုက်များနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုစသည့် သိကောင်းစရာများ အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်ပြီး ရှေးဟောင်းသုတေသနဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာထွန်းမှ ကျောင်းသား/ ကျောင်းသူများ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်းအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် “ဗဟုသုတကြွယ်ဝဖို့ စာကြည့်တိုက်သို့သွားကြစို့” အသိပညာပေး နံရံကပ်စာစောင်ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ဝင်းမြတ်(အထက်မင်းလှ)