ဖြူး ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသားအရွယ်မှ စတင်ကာ အသိပညာဗဟုသုတများရရှိစေပြီး အတွေးအခေါ်များရင့်သန်စေရေးအတွက် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီက ဖြူးမြို့အမှတ်(၃) အခြေခံပညာအထက်တန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းကြည်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကျောင်းသားလူငယ်များ အသိပညာပိုမို တိုးတက်လာစေရန်၊ ပရိသတ်များရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်း အသိပညာအတတ်ပညာများ ဖလှယ်နိုင်စေရန်နှင့်တစ်ဦးနှင့်တစ်ဦး ယဥ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍လူငယ်စကားဝိုင်း ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းပြုလုပ်ရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ပြီး Grade-9၊ Grade-10၊ Grade-11များမှ ကျောင်းသား၊ ကျောင်းသူ(၅)ဦးတို့က လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်ပညာရေးခေါင်းစဉ်များဖြင့် ဆွေးနွေးသည်။
ဆွေးနွေးချက်များအား လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း စကားဝိုင်း၏ ခေါင်းစဥ်အလိုက် သိရှိလိုသည့် အချက်များအား မေးမြန်းဆွေးနွေးခြင်း၊ ပြန်လည်ဖြေကြား ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)