ဘုတ်ပြင်း ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မူလွန်-အောင်မင်္ဂလာကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မူလွန်-အောင်မင်္ဂလာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာခြည်အောင်က ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။ ယင်းနောက် မြို့နယ်အားကစားမှူး ဦးစောကျော်စိုးမိုးက ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာ လိုက်စားစေလိုကြောင်း၊ အားကစားပြုလုပ်ရခြင်းရရှိမည့် အကျိုးကျေးဇူးများနှင့် လာမည့်ရက်များတွင် အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ် အားကစားပြိုင်ပွဲများကျင်းပ ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်ကာ မိမိကျောင်းအတွက် သာမက မြို့နယ်အတွက် ထူးချွန်တဲ့ အားကစားသမားများ ပေါ်ထွက်လာစေရေး စသည့် ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲကျင်းပရခြင်း ဖြစ် ကြောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက လူငယ်များ ဘက်စုံဖွံ့ဖြိုးပြီး အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “ကျောင်းသား/သူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်ကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာဖြစ်ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ် စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း အသီးသီးပြောကြားခဲ့ပြီး ကျောင်းသား ကျောင်းသူများအား အားကစား အသိပညာပေး လက်ကမ်းစာစောင်များကို အသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် လူငယ်ရေးရာများနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)