ဟားခါး ဇွန် ၁၇
တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအဌမနေ့ကို ဇွန် ၁၇ ရက် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကောလ်လျန်ထန်းက တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်အဌမနေ့ စတင်ကျင်းပကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များအစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။
ဆက်လက်ပြီ: မေးခွန်းမေးမြန်းခြင်းအစီအစဉ်ကိုကျင်းပရာ ဦးဆန်အုပ်မန်းဟားခါး မြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ် (၂) က ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၊ အော်တိုအရှေ့ ဦးရာလ်တလိန်းနေအိမ် အောက်ဘက် အနီးတွင် ၄.၁၁.၂၀၂၅ ရက်နေ့က မြေပြိုကျရာ အနီးအနားရှိ လူနေအိမ်များ ထိခိုက်ပျက်စီးမှုမရှိစေရန် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုသည့် မေးခွန်း၊ ဦးဇမ်းရှင်းဒါးလ်၊ တွန်းဇံမြို့နယ် မဲဆန္ဒနယ်ကိုယ်စားလှယ်အမှတ်(၂)က တီးတိန်မြို့၊ မြို့မရပ်ကွက်၊ မြို့ပတ်လမ်းမှ ဂေါင်မွာလ် ရွာသွားလမ်းအရှည်ပေ ၂၀၀၀ အား ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသည့်မေးခွန်း၊ ဦးဝမ်လျန်းထန်း၊ ဖလမ်းမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂) က ဖလမ်းမြို့နယ် တလန်ရောန်ကျေးရွာ၊ မန်ခဲန်းကျေးရွာ၊ လုမ်သဲကျေးရွာရှိ ပျက်စီးနေသော နေအိမ်များအတွက် အမိုးအကာများ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသည့် မေးခွန်း၊ ဦးတင်ကာကျင်၊ တီးတိန်မြို့နယ်မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ် (၂) က တီးတိန်မြို့နယ်၊ ထန်းဇန်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန အဆောက်အအုံအသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးစောထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆက်စပ်မေးခွန်းများကို မေးမြန်းကြရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားသည်။
ထို့နောက် ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် ဝဥလွှာခြောက်စက်ရုံ တည်ဆောက် နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရ အစီအမံဖြင့် ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသောအဆိုအား ဦးတင်ကာကျင်၊ တီးတိန်မြို့နယ်မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂)ကနှင့် ဦးဇမ်းရှင်းဒါးလ်၊ တွန်းဇံမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂)တို့ကထောက်ခံဆွေးနွေးရာတွင် နိုင်ငံတော်သမ္မတ လမ်းညွှန်ချက် ဖြစ်သည့် အားလျော်စွာ ချင်းပြည်နယ်ရှိ ဝဥစိုက်ပျိုးတောင်သူများ ကြုံတွေ့နေရသည့်အခက်အခဲမှာ တူးဖော်ပြီး ဝဥများကို မိရိုးဖလာ နည်းဖြင့်သာ အခြောက်ခံကြရပြီး စက်ရုံထွက် ဝဥလွှာခြောက်များနှင့် စျေးနှုန်းကွာဟမှုများ ရှိသည့်အတွက် ဒေသခံပြည်သူများ ဝင်ငွေတိုးပွားရရှိရေးအတွက် ဝဥလွှာ ခြောက်စက်ရုံ တည်ဆောက်ပေးသင့်ပါကြောင်း၊ ချင်းပြည်နယ်ရှိ မြို့နယ်များတွင် ဝဥကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးလျက်ရှိကြရာ ချင်းပြည်နယ်အတွင်း ဝဥစိုက်ဧက (၁၃၉၂၆)ဧကရှိသည်ဟု ချင်းပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနစာရင်းများအရ သိရသဖြင့် ဝဥကုန်ကြမ်းအတွက် အလုံအလောက်ရှိပါကြောင်း စသည်ဖြင့် ထောက်ခံဆွေးနွေးသည်။
ယင်းနောက် ချင်းပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က နိုင်ငံတော်သမ္မတလမ်းညွှန်ချက်နှင့်အညီ ဝဥလွှာခြောက်စက်ရုံ တည်ဆောက်နိုင်ရေးအဆိုပြုချက်အား ထောက်ခံကြိုဆိုပါကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်မဖြစ်စေဘဲ အများပြည်သူ အကျိုးအတွက်ရှေးရှုပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၊ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် ဝဥအသင်းစုများပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဟားခါးမြို့ ဧက(၆၇၆) အပိုင်း(၂) မြေနေရာရရှိရေး ဆောင်ရွက်ထားမှုနှင့် စက်ရုံတည်ဆောက်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးစောထွန်းက ချင်းပြည်နယ်တွင် ဝဥ ကို စီးပွားဖြစ် စိုက်ပျိုးကြသည့်အတွက် ဝဥခြောက်လွှာ စက်ရုံတည်ဆောက်ရေးသည် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်လည်းဖြစ်သည့်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် တတ်နိုင်သလောက် စောလျင်စွာ ဆောင်ရွက်ပေးစေလိုကြောင်း၊ စောလျင်စွာဆောင်ရွက်နိုင်ရင် နိုင်ငံတော်နှင့် ပြည်သူအများ အကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း တင်ပြဆွေးနွေးသည်။ အဆိုရှင် ဦးဆန်အုပ်မန်း၊ ဟားခါးမြို့နယ်မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂)က ဝဥလွှာခြောက်စက်ရုံ တည်ဆောက်နိုင်ရေး အဆိုပြုချက်အား ချင်းပြည်နယ်လွှတ်တော်မှ အတည်ပြုပေးနိုင်ရန် ထပ်မံတင်ပြဆွေးနွေးခဲ့ပြီး လွှတ်တော်၏ သဘောထားရယူသည်။
ထို့နောက် ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် ဝဥလွှာခြောက်စက်ရုံ တည်ဆောက် နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရ အစီအမံဖြင့် ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသော အဆိုနှင့်စပ်လျဉ်း၍ ချင်းပြည်နယ်လွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပြီးနောက် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ ရပ်နားခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)