တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် နင်းမိုင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ပြည်သူများအားကြည့်ရှု

ထားဝယ် ဇွန် ၁၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ပြည်သူများအား ဆေးဝါးကုသမှုခံယူနေမှုကို ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းကြောင့် ခြေထောက်နှစ်ဖက်စလုံးပြတ်တောက်သွားသော အပြစ်မဲ့ပြည်သူတစ်ဦးအား ကြည့်ရှု မေးမြန်း၍ အားပေးစကားပြောကြားကာ အသုံးပြုနိုင်ရန်အတွက် ဝှီးလ်ချဲနှင့်ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက်အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းကြောင့် ခြေထောက်တစ်ဖက် ပြတ်တောက်သွားသော အပြစ်မဲ့ပြည်သူတစ်ဦး၊ ခြေထောက်ကျိုးတစ်ဦး၊ လက်တစ်ဖက်ပြတတစ်ဦး အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံကြီး၌ တက်ရောက်ဆေးဝါးကုသမှုခံယူနေသော ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က တစ်ဦးချင်း၏ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ၊ ဆေးဝါးကုသပေးထားမှုနှင့် ဆေးကုသနေမှု အခြေအနေ၊ ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ကြည့်ရှုမေးမြန်း၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ်ကပြည်သူများက တောင်းဆိုထားသည့် ဘုမ္မော်ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့မှ ရပ်ကွက်တစ်လျှောက်ရှိလမ်းဘေးရေမြောင်းများအား ကြည့်ရှုစစ်ဆေးပြီး မိုးရာသီကာလအတွင်း မိုးကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း လုပ်ငန်းမျာဆောင်ရွက်ရာတွင် ရေရှည်ခိုင်မြဲစေရေးတို့ကို အလေးအနက်ထား ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း တာဝန်ရှိသူများကို လမ်းညွှန်မှာကြားသည်။

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်ရိပ်သာဝင်းအတွင်းနေထိုင်သည့် သက်ကြီးဘိုးဘွားများအားရင်းနှီးနွေးထွေးစွာလိုက်လံနှုတ်ဆက်ပြီး ကျန်းမာရေးအခြေအနေများအား မေးမြန်းကာ တာဝန်ရှိသူများက ဘိုးဘွားများအား တစ်ဦးချင်းအလှူငွေများပေးအပ်ပြီး ဘိုးဘွားများက ဆုတောင်းမေတ္တာပို့သသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ကြီးဘိုးဘွားများအတွက် ကျန်းမာရေးနှင့်ဘက်စုံ အသုံးပြုနိုင်ရန် အလှူငွေကျပ် (၁၀) သိန်းအားပေးအပ်ပြီး ဘိုးဘွားများကို ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဆေးစစ်ကုသပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)