ရွှေတောင် ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်များရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်း အသိပညာအတတ်ပညာများ ဖလှယ်နိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ယဥ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ကံသုံးဆင့်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကံသုံးဆင့်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုသန့်က ကျောင်းသား/ ကျောင်းသူအနေဖြင့် လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာ ဗဟုသုတများ ပိုမိုရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်သော နိုင်ငံ့သားကောင်း လူငယ်လူရွယ်များဖြစ်ပေါ်စေရန် စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့၌ ရဲဝံ့စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့် ကောင်းများဖြစ်ပေါ်လာစေရန်နှင့် အတွေးအခေါ် မှန်ကန်စေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင် နှင့် အ.ထ.က (ခွဲ)ကံသုံးဆင့်မှ ဆရာဦးမြတ်မင်းအောင်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ပြီး အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ကံသုံးဆင့်မှ ကျောင်းသား/ ကျောင်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်သဘာဝ ပတ်ဝန်းကျင်၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်ဆိုရှယ်မီဒီယာစသည့် ခေါင်းစဉ်များဖြင့် အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော သုတ/ရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
ကိုကိုမင်း(ပြန်/ဆက်)