သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပ

ထားဝယ်   ဇန်နဝါရီ ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထားဝယ်ခရိုင်ရုံး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးနှင့် မီးသတ်ဦးစီးဌာနရုံး တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီ က ထားဝယ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်

ဆွေးနွေးပွဲတွင်ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဇာဇာထွန်းက သဘာဝဘေး အန္တရာယ် များကို ရင်ဆိုင်ကြုံတွေ့ရာမှာ ပြည်သူများဘေးအန္တရာယ်ကျရောက်မှုနှင့်ထိခိုက်နစ်နာမှု လျော့ပါးရေးအတွက်ကြိုတင် ပြင်ဆင်ဆောင်ရွက်ခြင်းများကိုသိရှိထားရန်လိုအပ်ကြောင်းနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲTalk Show အစီအစဉ် ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်

ထိုနောက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွေးနွေးစိုးက သဘာဝဘေး အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအကြောင်းကြိုတင် ဇာတ်တိုက်လေ့ကျင့်နေမှုများအကြောင်းအား ရှင်းလင်းဆွေးနွေးပြောကြားပြီး ထားဝယ်ခရိုင် မီးသတ်ဦးစီးမှူးဦးသိန်းဇော်ဝင်းက တနင်္သာရီ တိုင်းဒေသကြီးအတွင်း အများဆုံးတွေ့ရသော သဘာဝဘေးအန္တရာယ်များအကြောင်းမြန်မာနိုင်ငံအတွင်းဖြစ်ပွားမှု အများဆုံးဖြစ်သော မီးဘေးအန္တရာယ်များ အကြောင်းသိကောင်းစရာများ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးနေမှုများအကြောင်းအား ရှင်းလင်းဆွေးနွေးပြောကြားသည်

၄င်းနောက် ခရိုင်ဦးစီးအရာရှိ ဒေါ်ဇာဇာထွန်းက ဆွေးနွေးပြောကြားပေးပါသော တာဝန်ရှိသူများအား ကျေးဇူးတင်ရှိကြောင်း နှင့် ဆွေးနွေးပွဲ Talk Show အစီအစဉ်များကို ဆက်လက်ကျင်းပ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)