ကော့သောင်း ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယနေ့နံနက်ပိုင်းက အ.ထ.က(ဆယ်မိုင်) ကျောင်းတွင်လည်းကောင်း၊ မွန်းလွဲပိုင်း၌ အ.လ.က (ခွဲ) တာညုံပါဒ ကျောင်းတို့တွင် ဆောင်ရွက်သည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံနှင့် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲမှု ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာလက္ခဏာများနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား “မူးယစ်ဆေးဝါးအဓိပ္ပါယ်၊မူးယစ်ဆေးဝါး အဓိကအုပ်စုကြီး (၃) ခု၊ အန္တရာယ်ဖြစ်စေနိုင်သော မူးယစ်ဆေးဝါးအမျိုးအစားများ၊ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် သုံးစွဲခြင်း၏ ဆိုးကျိုးများ၊ဆေးခြောက်ပင်နှင့် သုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးဆိုင်ရာ ဆိုးကျိုးများနှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုများအကြောင်း” စသည့်အကြောင်းအရာများပါဝင်သည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ အသိပညာဗဟုသုတဖြစ်ဖွယ် သုတ/ရသ စာအုပ်၊ စာစောင်များ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)