ဟားခါး ဇွန် ၁၇
တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် အဋ္ဌမနေ့ စတင်ကျင်းပကြောင်းနှင့်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြု မှတ်တမ်းတင်သည်။
ထို့နောက် မေးခွန်းမေးမြန်းခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ဦးဆန်အုပ်မန်းဟားခါး မြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ် (၂) က ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၊ ငါးလမ်းဆုံ မရာဘုရား ကျောင်းမှ တောင်ဘက်မ်ဧက(၆၇၆)သွား လမ်းမကြီးရှိ ဦးမန်ဟုပ်နေအိမ်အောက်ဘက်ရှိ မြေကျွံနေသည့် ကွန်ကရစ်လမ်းအား ရေမြောင်းကျောက်စီခြင်း၊ ရေပြွန်များ၊ လမ်းကွန်ကရစ်များ ပြန်လည်တည်ဆောက်ပေးရန် ၃၁.၇.၂၀၂၅ ခုနှစ်ကတည်းက တင်ပြထားသော်လည်း ယခုအချိန်ထိ ဆောင်ရွက်ပေးခြင်းမရှိပါသဖြင့်မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုသည့်မေးခွန်းနှင့် ဟားခါးမြို့နယ်တွင် လူဦးရေ(၅၀၀၀၀)ခန့် နေထိုင်တဲ့မြို့ဖြစ်ပြီး နွေရာသီနှင့် ဆောင်းရာသီတို့တွင် သောက်သုံးရေ လုံလောက်မှုမရှိဖြစ်နေပါသည်။ လူဦးရေ၏ (၄၀%) သည် သက်ဆိုင်ရာအဖွဲ့အစည်းက ပေးဝေသည့် ရေကိုသုံးစွဲကြပြီး ကျန်လူဦးရေ (၆၀%) သည် သောက်သုံးရေကို ဝယ်ယူသုံးစွဲနေကြပါသည်။ ထို့ကြောင့် သောက်သုံးရေအလုံအလောက်ရရှိရေးကို ချင်းပြည်နယ်အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် မည်ကဲ့သို့ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကို သိရှိလိုသောမေးခွန်း (၂) ခုကိုမေးမြန်းရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးအောင်ကျော်ဌေးက ပြန်လည်ဖြေကြားသည်။
ဆက်လက်ပြီး ဦးဇမ်းရှင်းဒါးလ်၊ တွန်းဇံမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂)က တီးတိန်မြို့၊ မြို့မရပ်ကွက် ဆုတောင်းကုန်းအောက်လမ်းဆုံမှ ခုပ်ပီးချောင်းအထိ မင်္ဂလာလမ်းအရှည်ပေ (၃၀၀၀) အား ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသည့် မေးခွန်းကိုမေးမြန်းရာ ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေးကလည်းကောင်း၊ ဦးထန်းရှင်းထောင်း၊ မင်းတပ်မြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ်(၂)က တီးတိန်မြို့ အမှတ်(၅)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းဆောင်တစ်ဆောင်အား ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသည့်မေးခွန်းများကိုမေးမြန်းရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်းကောင်း ပြန်လည်ဖြေကြားပေးပြီးနောက် တတိယအကြိမ် ချင်းပြည်နယ် လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ရပ်နားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)