မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်

မြိတ်   ဇွန်    ၁၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို သိရှိနားလည်မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ သဘာဝဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် မြိတ်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆)ကို ဇွန်(၁၇)ရက် နံနက်ပိုင်းက ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး သန်းနုက ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများမှ လျော့နည်းသက်သာစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိတရားများရှိထားရန်နှင့် လူတစ်ဦးချင်းစီ၏ အသိရှိမှုမှတဆင့် ပြည်သူလူထုအားလုံး၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးလုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်တာဝန်ခံ ဒေါ်မြစောနွယ်မှ  သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းစတင်သည်။ သင်တန်းကို ဇွန်(၁၇)ရက်မှ(၁၉)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား(၃၀) တက်ရောက်ကြသည်။

သင်တန်းတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအခြေခံဝေါဟာရများ၊ သဘာဝဘေးအန္တရာယ်များ အကြောင်း၊ ဘေးအန္တရာယ် လျော့ပါးသက်သာစေရန် နည်းလမ်းများ၊ ရပ်ရွာလူထု အခြေခံသော ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ဖွံဖြိုးရေးစီမံကိန်းများတွင် ဘေးအန္တရာယ်ဆုံးရှုံးနိုင်ခြေလျော့ချခြင်းကို ထည့်သွင်းရေးဆွဲခြင်း၊ ရှေ့ဦးပြုစုနည်း၊ အရေးပေါ်ကာလအတွင်း ပြည်သူ့ကျန်းမာရေး၊  ကယ်ဆယ်ရေးပစ္စည်း ဖြန့်ဝေခြင်း သည့် ဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )