ထားဝယ်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် Unique ID နံပတ်ထုတ်ပေး

ထားဝယ် ဇွန် ၁၇

နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် Unique ID နံပတ်ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးက ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးသည်။

ထို့သို့ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်‌ပေးနေမှု အခြေအနေများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးထွန်းနှင့်ဒေါ်ချိုချိုစန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဦးသန့်ဇင်၊ ထားဝယ်ခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းညွန့်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက်တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၉၄) ဦးထံသို့ လက်ဝယ်အ‌ရောက်ပေးအပ်သည်။

အဆိုပါ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အသက် (၁၈) နှစ်ပြည့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်မရရှိသေးသူများအား ဆောင်ရွက်ပေးခြင်း၊ အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်ခြင်း များကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ အသက် (၁၀) နှစ်နှင့်အထက် မှတ်ပုံတင်အသစ် ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ UID ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးက ဧပြီ ၂၀ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ ဆောင်‌ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်