ထားဝယ် ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်း သဘာဝဘေး အန္တရာယ်များဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲကထားဝယ်မြို့ ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ကျင်းပသည်။
ထိုသို့ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့များက မုန်တိုင်းလှုပ်ခတ်ပြီးသည်နှင့်တစ်ပြိုင်နက် မီးသတ်ယာဉ်၊ လူနာကူညီသယ်ဆောင်ရေးယာဉ်များဖြင့် အလျင်အမြန်ရောက်ရှိ နေရာယူကြပြီး ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများအား အသုံးပြု၍ ကယ်ဆယ်ခြင်းများကို လျင်မြန်စွာပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ကောလိပ်အတွင်း ပိတ်မိနေသူများနှင့်ဒဏ်ရာရရှိသူများအား ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများအသုံးပြု၍ ကယ်ဆယ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဒဏ်ရာရရှိသူများအနက် အရေးပေါ်လူနာ၊ အရေးကြီးလူနာ၊ သာမန်လူနာများခွဲခြား၍ ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံသို့ ပို့ဆောင်ခြင်း၊ ကျန်ရှိ/ပျောက်ဆုံးသူများရှိ/မရှိကို စာရင်းကောက်ယူ စိစစ်ဆောင်ရွက်ခြင်းစသည်တို့ကို အချိန်တိုအတွင်း အလျင်အမြန်ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးတွင်တောင်ကုန်း တောင်တန်းထူထပ်ပြီး အပူချိန်မြင့်မားသည့် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ ဆူနာမီဘေးကြုံတွေ့နိုင်သောဒေသတစ်ခု ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးများအတွက်ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှုအားကောင်းစေရန် ဆောင်ရွက်ကြရန်လိုအပ်သလို ဘေးအန္တရာယ် ဖြစ်လာပါကလည်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအဆင်သင့်ဖြစ်အောင် စီမံထားရှိရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကို တားဆီးလို့မရနိုင်သော်လည်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကိုလျော့နည်းအောင်၊ ဘေးဒဏ်ကို ရင်ဆိုင်တုံ့ပြန်နိုင်သော လူ့အသိုက်အဝန်းဖြစ်အောင် ဆောင်ရွက်နိုင်ကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု၊ သတိ ပေးမှုနှင့်တုံ့ပြန်မှုနည်းစနစ်များကိုပိုမိုထိရောက်စွာဆောင်ရွက်ရန်လိုအပ်ပြီး မဖြစ်ခင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ဖြစ်ပွားနေစဉ် ကာလအတွင်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ဖြစ်ပွားပြီးပါက ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို လုပ်ငန်းစဉ်အဆင့်အလိုက် မဖြစ်မနေဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူများကြား သဘာဝဘေးအသိပညာမြှင့်တင်ရေး၊ တုံ့ပြန်တတ်မှုအတတ်ပညာတိုးတက်ရေး၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးသည် အရေးကြီးသောအချက်ဖြစ်ကြောင်း၊ ယနေ့ဇာတ်တိုက်လေ့ကျင့်ခြင်းသည် အဆိုပါလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်အရေးပါသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက်ရှိကြောင်း၊ ယခုဇာတ်တိုက်လေ့ကျင့်မှုမှတစ်ဆင့် သင်ယူရသော အတွေ့အကြုံများကို မိမိတို့ဘဝအတွက်သာမကမိမိတို့မိသားစု၊ ပတ်ဝန်းကျင်အတွက်ပါ ကောင်းစွာအသုံးချနိုင်ရန် ဂုဏ်ပြုပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)