လွိုင်ကော် ဇွန် ၁၇
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးအဆင့်ဆင့်ရှိ အခြေခံဝန်ထမ်းများအား အခြေခံစားသောက်ကုန် ဆန်၊ ဆီပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်က လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တာဝန်ရှိသူများ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခြေခံဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အဓိကကျကြောင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသည့် အခြေခံဝန်ထမ်းအားလုံးသည် မြို့များကို မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများ၏ နေ့စဉ်လူမှုဘဝတွင် အဆင်ပြေချောမွေ့စေရန် လုပ်ငန်းတာဝန်များကို နေပူမိုးရွာမရှောင် ကျေပွန်အောင်ဆောင်ရွက်နေကြသူများဖြစ်ပါကြောင်း၊ ပြည်သူများ၏ နေ့စဉ်လူမှုဘဝများ အဆင်ပြေချောမွေ့စေရန်နှင့် လွိုင်ကော်မြို့ကို ပြည်နယ်၏ မြို့တော်အင်္ဂါရပ်နှင့်အညီ Green city/Clean city/ Smart city ဖြစ်လာစေရေး အကောင်အထည် ဖော်ရာတွင် ပြည်နယ်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်း ကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် စည်ပင်သာယာရေးဝန်ကြီးတို့က ဝန်ထမ်းများအား အခြေခံစားသောက်ကုန် ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ရာ ကိုယ်စားလှယ်အသီးသီးက လက်ခံရယူသည်။ ယင်းနောက် ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာကြသည့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ World MSME Day အခမ်းအနားတွင် ကယားပြည်နယ် ဒေသထွက်ကုန်များ အဆင့်မီစွာ ပါဝင်ပြသရောင်းချနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြခန်းများခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက်ပြည်နယ်အစိုးရအဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်/ပြန်ဆက်