ပြည်ခရိုင်၌ အခြေခံတိုင်းရင်းဆေးပညာသင်တန်း ဖွင့် 

ပြည်      ဇွန် ၁၇

​ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပြည်ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော "အခြေခံတိုင်းရင်းဆေးပညာသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၊ ပြည်ခရိုင်ရုံး ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂) ဦးဌေးဝင်းက အမှာစကားပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင်တိုင်းရင်းဆေးမှူး၊ ဒေါ်ခိုင်ဝါဝါအောင်က သင်တန်း၏ ရည်ရွယ်ချက်များနှင့် ပို့ချပေးမည့် ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် တိုင်းရင်းဆေးပြခန်းကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ အဆိုပါပြခန်းတွင် မြန်မာ့ရိုးရာတိုင်းရင်းဆေးကုထုံးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ အဖိုးတန်ဒေသတွင်းထွက် တိုင်းရင်းဆေးဘက်ဝင် ဆေးပင်များနှင့် ကုန်ကြမ်းများ၊ စနစ်တကျ ထုတ်လုပ်ထားသော အဆင့်မြင့်တိုင်းရင်းဆေးဝါးများနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကို စုံလင်စွာ ခင်းကျင်းပြသထားသည်။

ဝဏ္ဏထွန်း (ပြန်/ဆက်)