ငဖဲ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ၂၂၆၂ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ငဖဲမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးဦးချည်မျှင်ရှည်ဝါ ဧက ၁၆၀ နှင့် မိုးနှောင်း ချည်မျှင်ရှည်ဝါ ၂၁၀၂ ဧက စုစုပေါင်း ၂၂၆၂ဧက စိုက်ပျိုးရန်လျာထားပြီး ဇွန်လမှ စက်တင်ဘာလအတွင်း စိုက်ပျိုးသွားမည်ဖြစ်ကာ လက်ရှိတွင် လယ်ယာမြေများထွန်ယက်ပြီး စတင်စိုက်ပျိုး ဆောင်ရွက်နေကြပြီ ဖြစ်သည်။
“မိုးသီးနှံစိုက်ပျိုးရာသီမှာ ငဖဲမြို့နယ်၌ ချည်မျှင်ရှည်ဝါ ၂၂၆၂ ဧကကို ကျေးရွာအုပ်စုပေါင်း ၁၅ အုပ်စုမှာ စိုက်ပျိုးဖို့လျာထားပါတယ်။ ယခုလက်ရှိမှာ အချို့ကျေးရွာတွေမှာ စတင်စိုက်ပျိုးနေကြပြီဖြစ်သလို အချို့ကျေးရွာများမှာလည်း မြေအနေအထား၊ မိုးရေရရှိမှုပေါ်မူတည်ပြီး ထွန်ယက်နေကြပြီ ဖြစ်ပါတယ်။ စိုက်ပျိုးကြမယ့်မျိုးများကတော့ အထွက်နှုန်းကောင်းမွန်ပြီး ဌာနမှဖြန့်ဝေပေးတဲ့ ရွှေတောင်-၈ ဧက ၂၈၀၊ ရွှေတောင်(၁၀) ၈၅၂ ဧက၊ ငွေချည်-၁၁ ဧက ၁၁၀၀ နှင့် ငွေချည်-၉ ဧက ၃၀ ကို လျာထားစိုက်ပျိုး သွားကြမှာဖြစ်ပါတယ်။ လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ဖို့၊ သီးနှံအရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းစေဖို့ လိုအပ်တဲ့စိုက်ပျိုးရေးနည်းစနစ်နဲ့ သွင်းအားစုများစနစ်တကျသုံးစွဲဖို့စတဲ့ တောင်သူအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း” ငဖဲမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းက ပြောကြားသည်။
ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံတိုးချဲ့စိုက်ပျိုးမည့်အကျိုးဆောင်တောင်သူများအား ဝါမျိုးစေ့နှင့် သွင်းအားစုပစ္စည်းများကို ထောက်ပံ့ပေးအပ်ထားပြီး ဝါသီးနှံများအထွက်နှုန်း ကောင်းမွန်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ သွင်းအားစုများစနစ်တကျသုံးစွဲရေး၊ ပိုးသတ်ဆေးများစနစ်တကျသုံးစွဲရေးတို့ကို သက်ဆိုင်ရာ ကွင်းဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်၍ နည်းပညာပေးသင်တန်းများပို့ချခြင်းနှင့် ကျေးရွာအရောက်ပညာပေးဆွေးနွေးပွဲများပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)