ပုသိမ် ဇွန် ၁၈
ဧရာဝတီတိုင်းဒေကြီး၊ ပုသိမ်မြို့ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(ပုသိမ်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၆ ရက်က ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ယနေ့ဖွင့်လှစ်သည့် လက်မှတ်ရစီးပွားရေး စာရင်းကိုင် ပညာသင်တန်းကို ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများအတွက် စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်နှင့် သင်တန်းသား/သင်တန်းသူများအနက် ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမကောလိပ်များနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီး ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်တွင် အသင့်ဖြစ်စေမည့် သင်ရိုး ညွှန်းတမ်းများ အသုံးပြု၍သင်ကြားပို့ချပေးမည် ဖြစ်သည့်အတွက် အစိုးရအဖွဲ့အစည်းများ၊ အဖွဲ့အစည်းများ၊ ပြင်ပပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းများနှင့် ကုမ္ပဏီများတွင် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများစွာ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ရာတွင်လည်း များစွာအထောက်အကူ ရရှိစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(ပုသိမ်) ကျောင်းအုပ်ကြီးက လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာသင်တန်း ဖွင့်လှစ်ရန် ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘာသာစုံဂုဏ်ထူး ရရှိသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းသား၊ သင်တန်းသူများအား ပြဋ္ဌာန်းစာအုပ်များကို လည်းကောင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ဘာသာစုံဂုဏ်ထူးရရှိများအား ဂုဏ်ပြုဆုများနှင့် သင်တန်းသား၊ သင်တန်းသူများအား ဖျာ၊ ခြင်ထောင်များကိုလည်းကောင်း၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက် ဥက္ကဋ္ဌက သင်တန်းသား၊ သင်တန်းသူများ စားသောက်စရိတ်အတွက် ထောက်ပံ့ငွေများကိုလည်းကောင်း ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ရာ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှုအခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ ပိုမိုတက်ရောက်စေရေးအတွက် အသိပညာပေးစည်းရုံးဆောင်ရွက်မှု အခြေအနေများ၊ ပညာသင်ကြားခွင့်ကာလပြီးဆုံးပါက ရရှိသည့်အဆင့်အလိုက် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် ဆက်လက်ပညာဆည်းပူးနိုင်မည့်အခြေအနေများ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က "ဧရာဝတီ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်ပါက တိုင်းဒေသကြီးအတွက် အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီးတက်ရောက်နိုင်ရေးအတွက်လည်း အသိပညာပေးဟောပြောပွဲများ ပိုမိုဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်များနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)