ပုသိမ် ဇွန် ၁၈
တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(နဝမနေ့)ကို ဇွန် ၁၆ ရက်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦး၏ ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၁)ဦး၏ ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ပြီး ကန်ကြီးထောင့်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁)က အစည်းအဝေးပဥ္စမနေ့တွင် တင်သွင်းခဲ့သည့် “တောင်သူများ သီးနှံအပေါင်ထား၍ ငွေချေးယူရေး တိုင်းဒေသကြီးအစိုးရက စီစဉ်ပေးရန်တိုက်တွန်းကြောင်း” အဆိုအပေါ် ဆွေးနွေးရန်အမည်စာရင်း တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးက ရှင်းလင်းဆွေးနွေး၍ တိုင်းဒေသကြီးလွှတ်တော်၏အဆုံးအဖြတ်ရယူသည်။
ဆက်လက်၍ မြောင်းမြမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)က “နိုင်ငံခြားမှဝယ်လိုအားမြင့်နေသော မျှစ်ခြောက်နှင့်မျှစ်ပြုတ် ပိုမိုတင်ပို့နိုင်ရေးအတွက် ဝါးစိုက်ပျိုးမြေများသတ်မှတ်နေရာပေးရေးနှင့် အစိုးရမှဝါးစိုက်ပျိုးရေးလုပ်ငန်းများအတွက် ဦးဆောင်လမ်းညွှန်ပေးရန်” အဆိုကိုတင်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ကာ ယင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်ကသဘောတူသဖြင့် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း ပေးသွင်းနိုင်ကြောင်းကြေညာကာ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး(နဝမနေ့)ကို ရပ်နားလိုက်ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)