မေတ္တာမြို့၌ ကွမ်းသီးပေါ်ချိန် အထွက်နှုန်းနည်းသော်လည်း ဈေးကောင်းရရှိ

မေတ္တာ ဇန်နဝါရီ ၂၀

            တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ရာသီဥတုဖောက်ပြန်မှုကြောင့် ကွမ်းသီးပေါ်ချိန် ကာလတွင် အထွက်နှုန်း နည်းပါးပြီး ဈေးကောင်းရရှိနေကြောင်းသိရသည်။ ယမန်နှစ်က ကွမ်းသီးတစ်ပင်ကို အနည်းဆုံး နှစ်ခိုင်သုံးခိုင်‌လောက် ခူးဆွတ်ရပြီး ​ ယခုနှစ်တွင် အပူချိန်လွန်ကဲမှုကြောင့် သီးကင်းနဲ့အပွင့်ခိုင်များ ခြောက်သွေ့ ကြွေကျသဖြင့် အထွက်နှုန်း ထက်ဝက်ခန့်ကျသွားကြောင်းဒေသခံများထံမှသိရသည်။

ယမန်နှစ်က ကွမ်းသီး အ‌‌ခြောက်ပါကင် တစ်ပိဿာကို ငွေ ၄၈၀၀ ကျပ်၊ အစိုတစ်လုံးကို ငွေ ၂၂ ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ လက်ရှိ ကွမ်းသီး‌‌ပေါ်ချိန်တွင် ပေါက်ဈေးမှာ အ‌‌ခြောက်ပါကင် တစ်ပိဿာကို ငွေ ၅၂၀၀ ကျပ်၊ အစိုတစ်လုံးမှာ ငွေ ၃၀ ကျပ် ဖြင့်ဝယ်ယူနေရကြောင်း မေတ္တာမြို့ ကွမ်းသီးအရောင်းအဝယ်လုပ်ကိုင်သူ စောသိန်းအောင်ထံမှ သိရသည်။ “အဓိကတင်ပို့တာကတော့ ထားဝယ်မြို့က အဝယ်ဒိုင်ကြီးကိုပါ၊ ဒီနှစ်က ကွမ်းသီးအထွက်ကနည်းတော့ မနည်းကိုလိုက်ပြီး ရှာဝယ်နေရတယ်၊ တင်ပို့မှုကလည်း မနှစ်ကထက် အခေါက်ရေလျော့ကျသွားတယ်" ဟု ၎င်းက ပြောသည်။

မေတ္တာမြို့သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး ကွမ်းသီးခြံများကို မြို့အတွင်းရှိ ကျေးရွာအုပ်စုများဖြစ်သော ဖောင်းတောကျေးရွာအုပ်စု၊ မြေးခံဘော်ကျေးရွာအုပ်စု၊ ကျောက်မဲတောင်ကျေးရွာအုပ်စု၊ ဟိန္ဒားကျေးရွာအုပ်စု များတွင်အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

မေတ္တာ (ပြန်/ဆက်)