မုံရွာ ဇွန် ၁၆
တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသတ္တမနေ့ကို ဇွန်လ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ် ခုနှစ်ဦးကကြယ်ပွင့်ပြ မေးခွန်းရှစ်ခုကို မေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများက ဖြေကြားကြသည်။
ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အထူးကိစ္စရပ်များ လေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာအဖွဲ့ ဖွဲ့စည်းမှုနှင့်အဖွဲ့၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုပါအဖွဲ့တွင် အထူးကိစ္စရပ်များ လေ့လာစုံစမ်းစိစစ်ရေးနှင့် သုတေသနပြုရေးဆိုင်ရာအဖွဲ့ဥက္ကဋ္ဌ အဖြစ်စစ်ကိုင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁)၊ ဦးမင်းမင်းဇေယျာမြင့် အဖွဲ့ဝင်များနှင့် အတွင်းရေးမှူး(၁)အဖြစ် တန့်ဆည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးသော်နိုင်ဦး အတွင်းရေးမှူး (၂) အဖြစ်အရာတော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးနိုင်သန်းထွန်းတို့ အပါအဝင် စုစုပေါင်း အမည်စာရင်း(၃၀)ဦးတို့ဖြင့် ဖွဲ့စည်းကြောင်း ကြေညာသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေးအဌမနေ့ကို ဇွန်လ(၁၆)ရက်နေ့ နံနက်(၁၀)နာရီတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)