ကျုံပျော် ဇွန် ၁၆
စိုက်ပျိုးရေးကဏ္ဍ တိုးတက်ပြီး ပြည်သူများ ဝင်ငွေတိုးပွားရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ မှိုစိုက်ပျိုးထုတ်လုပ်မှုသင်တန်းနှင့် စင်ဖြင့်ကောက်ရိုးမှို လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ဇွန်လ ၁၃ ရက် နံနက် ၈ နာရီက ပြုလုပ်သည်။
ဦးစွာ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက တက်ရောက်လာသူများအနေဖြင့် မှိုစိုက်ပျိုးနည်းအား စနစ်တကျ လေ့လာမှတ်သားကြရန်နှင့် ကိုယ်ပိုင်စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် စားသုံးသီးနှံတိုးပွားရရှိပြီး မိသားစုဝင်ငွေတိုးပွားရရှိနိုင်ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးသန်းဇော်ထိုက်တို့က စီးပွားဖြစ်မှိုစိုက်ပျိုးမှု၊ ပံ့ပိုးပေးမည့်အစီအစဉ်နှင့် ကျေးရွာအုပ်စုများတွင် မှိုစိုက်ပျိုးနည်းပညာပေးဟောပြောပွဲများ ဆောင်ရွက်သွားမည့် အခြေအနေတို့ကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများက Home Garden စိုက်ပျိုးရန် ဟင်းသီးဟင်းရွက်မျိုးစေ့ထုပ်များအား တက်ရောက်လာသူများထံ အခမဲ့ဖြန့်ဖြူးပေးအပ်ခဲ့သည်။ ဆက်လက်၍ ကောက်ရိုးမှိုစိုက်ပျိုးနည်းစနစ်များအား စိုက်ပျိုးရေးဦးစီးဌာနမှ ဒုလက်ထောက်ဦးစီးမှူး ဒေါ်ယုယုဝေမှ အသေးစိတ်ရှင်းလင်းပြောကြားကာ လက်တွေ့သရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)