ကျောင်းကုန်း ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ဇွန် ၁၄ ရက်နေ့နံနက် ၉း၃၀ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးကြီး ကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦကိုကိုဦးက စာဖတ်ခြင်းအလေ့အကျင့်ကောင်းများကို ကျောင်းသားကျောင်းသူများထံ စည်းရုံးပြော ဆိုဆုံးမပေးဖို့ ဆရာ/ဆရာမများကို မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးကျော်လှိုင်က ကျောင်းစာကြည့်တိုက်ကို စနစ်တကျဖြင့် မှတ်တမ်းထားဖို့လိုကြောင်း၊ ရှင်သန်ဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့ ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က လူ့သားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ စာကြည့်တိုက်မှူးများ စဉ်ဆက်မပြတ် လေ့လာ နေကြဖို့လိုကြောင်း ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ စာကြည့်တိုက်တာဝန်ခံဦး ထွန်းထွန်းက စာကြည့်တိုက်နှင့်ပတ်သက်၍ ထားရှိရမည့် စာရင်းဇယားများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ကျောင်းများမှ စာကြည့်တိုက်မှူးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)