မကွေး ဇွန် ၁၆
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှကျင်းပသည့် ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြသခြင်းကို ယနေ့နံနက် (၇)နာရီက We Love Magway အနီး ညဈေးတန်းတွင်ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးတင်ကိုကိုက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရေပြင်တွင်ဖြစ်ပေါ်လျက်ရှိသော ဘေးအန္တရာယ်များကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းရလျှင်ရခြင်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ အမြန်ဆုံးထွက်ခွာ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သရုပ်ပြဆောင်ရွက်ကြရာ၊ သရုပ်ပြတပ်ဖွဲ့မှ မြေနုကျွန်းပေါ်ရှိ ရေဘေးသင့် ပြည်သူများကို Assault Boat များအသုံးပြု၍ ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းမှုသရုပ် ပြသခြင်း၊ ဆီတင်သင်္ဘောမီးလောင်နေမှုအား သတင်းရရှိချိန်တွင် သင်္ဘောမီးလောင်ရာသို့ Assault Boat၊ Fire Boat Intelligence Lifebuoy များဖြင့် Foam အမြှုပ်ဆေးရည်အသုံးပြု၍မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေမှုတို့ကို သရုပ်ပြခြင်းနှင့် Intelligence Lifebuoy၊ Fire Boat၊ Speed Boat တို့ဖြင့် စီတန်းမောင်းနှင်ပြီး ဂုဏ်ပြုအလေးပြုခြင်းတို့ကို သရုပ်ပြသကြသည်။
သရုပ်ပြပွဲအပြီးတွင် တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများကရေပြင်ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများ ခင်းကျင်းပြသထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြသခြင်းအား ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့်အဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)