တောင်တွင်းကြီး ဇွန် ၁၆
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေကောင်းများ ဖတ်ရှုလေ့လာသိရှိခြင်းဖြင့် အသိပညာဗဟုသုတများတိုးတက်ပြီး ဗလငါးတန်ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နေ့လယ် (၁)အချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမြတ်က ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးအတွက် အားလပ်သည့်အချိန်များတွင် စာအုပ်စာပေများသို့လေ့လာကြရမည်ဖြစ်ကြောင်း၊ ပညာလိုအိုသည်မရှိဆိုသည့်အတိုင်း ပညာတက်မြောက်မှသာ အမှားအမှန် ဝေဖန်ပိုင်းခြားနားလည်မည်ဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်တစ်ခုဖြစ်ပြီး ကျောင်းသား၊ကျောင်းသူများအနေဖြင့် နေ့စဥ်စာဖတ်ရာ၌ သုတ၊ရသပညာရပ်ပေါင်းစုံကို ဖတ်ရှုလေ့လာကြရန်လိုအပ်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် နောင်တချိန်တွင် နိုင်ငံတော်ကအားကိုးအားထားပြုရမည့် သားကောင်း၊ သမီးကောင်း ပညာရှင်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲသို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)