မကွေး ဇွန် ၁၆
တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဥ္စမနေ့) ကို ဇွန် ၁၆ ရက်၊ နံနက် ၁၀ နာရီက မကွေးမြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဥ္စမနေ့) စတင်ကျင်းပကြောင်းနှင့် အစည်းအဝေးအထမြောက်ကြောင်း ကြေညာသည်။ ယင်းနောက် တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဥ္စမနေ့) သို့ မတက်ရောက်နိုင်သည့် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားကာ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူ၍ လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၌ အတည်ပြုမှတ်တမ်းတင်ထားရှိသည်။
ထို့နောက် လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း (၄) ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၃) ဦးတို့က မေးမြန်းခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီးလွှတ်တော် လူမှုရေး ၊ ပညာရေး ၊ ကျန်းမာရေးနှင့် အလုပ်သမားရေးရာဆိုင်ရာ ကော်မတီ ဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ ၊ တာဝန် ၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို မင်းဘူးမြို့နယ်မဲဆန္ဒနယ် ကိုယ်စားလှယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့်က လွှတ်တော်သို့ ဆွေးနွေးတင်ပြရာ လွှတ်တော်ဥက္ကဋ္ဌက ယင်းကော်မတီဖွဲ့စည်းမည့် အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့နှင့် စပ်လျဉ်းပြီး အစည်းအဝေး ဆဌမနေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် လူမှုရေး ၊ ပညာရေး ၊ ကျန်းမာရေးနှင့် အလုပ်သမားရေးရာဆိုင်ရာ ကော်မတီ ဖွဲ့စည်းမည့် ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ပြီး အဆိုပါကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၏ အမည်စာရင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဥ္စမနေ့)ကို ရပ်နားကာ အစည်းအဝေး(ဆဌမနေ့)ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၈ ရက် ၊ နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုရဲ (ပြန်/ဆက်)