လှိုင်းဘွဲ ဇွန် ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားနိုင်ရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောသော်တာလင်းသန့်က ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစောမြနှင့်ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွေးလွင်က ဒေသ ဖွံ့ဖြိုးရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာများကို အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ဒေသဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူး ဦးစိုင်းထွန်းထွန်းလှက မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်မှုနှင့် စီမံချက်များ၊ မြို့နယ်ဥပဒေအရာရှိ ဦးရဲဝဏ္ဏထွဋ်က ဥပဒေဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမြတ်စိမ်းက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မည့် လုပ်ငန်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစည်သူအောင်က ဦးစီးဌာနလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးကျော်နိုင်ဦးက ဒေသအတွင်း စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေနှင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်နိုင်က ဒေသဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို အသီးသီးဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများက ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်ခဲ့ကြကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)